ကချင်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေမှု နှင့် နေရပ်စွန့်ခွာပြည်သူများ နေရာချထားပေးနိုင်ရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးတွင် အဓိကကျသည့် သားငါးစားသုံးမှုဖူလုံလာစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ပလန ကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီးတွင် အသားတိုးကြက် မွေးမြူရေးခြံများ တည်ဆောက်၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည်  ငွေပျော်စံပြကျေးရွာအနီးရှိ မြေနေရာတွင် စီးပွားဖြစ်မွေးမြူဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးသိန်း ဟန်၏ ကြက်ခြံသို့ သွားရောက်ပြီး ကြက်ခြံကြီးများအတွင်း အသားတိုးကြက်ကြီးကောင်ရေ ၅၅၀၀ နှင့် ကြက်ပေါက်ကောင်ရေ ၆၀၀၀ မွေးမြူထားရှိမှု အခြေအနေများ၊ ကြက်ခြံများမှ စွန့်ပစ်အညစ်အကြေးများအား သဘာဝမြေသြဇာအဖြစ် ပြုပြင်ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် တိုးချဲ့ကြက်ခြံများအဖြစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အဆိုပါ ကြက်ခြံဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူ များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံပြီး  မွေးမြူရေးလုပ်ငန်းများအတွက် ကြက်သားပေါက်များနှင့် တိရစ္ဆာန်အစာ မှာယူရရှိမှုအခြေအနေများ၊ ဒေသတွင်း ဈေးကွက်သို့ ဖြန့်ဖြူရောင်းချပေးနေမှု အခြေ အနေများကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ယခုလို စနစ်တကျ မွေးမြူ နိုင်သည့် ပုဂ္ဂလိကပိုင်ကြက်ခြံများ တိုးပွားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေး၊ မွေးမြူ ရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်ခိုင်ဘွမ်တောင်ခြေရှိ ငွေပျော်စံပြကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ တည်ဆောက်ပေးထားသည့် နေအိမ်မအသစ်အများ၌ ယာယီနေရပ်စွန့်ခွာမိသားစုများ ထပ်မံနေရာချထားပေးထားမှုနှင့် ဗန်းမော်ခရိုင်အတွင်းမှ နေထိုင်လိုသော မိသားစုများ အတွက် ယာယီနေအိမ်များ ဆောက်လုပ်၍ နေရာချထားပေးနိုင်ရေး မြေယာရှင်းလင်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေဝပ်မှုမရှိစေရေးအတွက် ရေထုတ်/ ရေလွှဲမြောင်း ဆောက်လုပ်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာ တွက်ချက်တင်ပြနိုင်ရေး မှာကြားပြီး လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)