တိုက်ကြီးမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တိုက်ကြီး ဩဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၉၅)အုပ်စုရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာ ထားပြီးဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ ဖြင့် ဆန္ဒပြုတင်ပြလာသည့်အပေါ် ဩဂုတ် ၈ ရက်နေ့ မှ ၁၄ ရက်နေ့အထိ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တိုက်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုက်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းစိုး(ခ) ချိုတူးက ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် စာရင်းဇယားလက်ခံရေး မြေပြင် လုပ်ငန်းအဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာများအနေဖြင့် မဲဆန္ဒနယ် မြေအလိုက် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် ရပ်ကွက်/ကျေးရွာ အုပ်စု များမှ မဲဆန္ဒရှင်များ၏ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် တင်ပြလာသည့် စာရင်းများကို လက်ခံရာတွင် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ဩဂုတ် လ ၄ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ (၄၃၂၈၇)ဦးရှိပြီး ပုံစံ(၃)ဖြင့် တင်သွင်းလာသူ (၁၀၀၅)ဦး၊ ပုံစံ(၄)ဖြင့် တင်သွင်း လာသူ (၄၈၉)ဦး၊ ပုံစံ(၄-ဂ)ဖြင့် တင်သွင်းလာသူ (၂၂၈)ဦးရှိကြောင်း၊ မြို့နယ်အတွင်း မဲဆန္ဒရှင်စုစုပေါင်း (၂၀၉၄၄၃)ဦးရှိပြီး မှတ်ပုံတင်ရှိသူ (၁၅၈၆၂၂) ဦး ၊ မှတ်ပုံတင်မရှိသူ (၅၀၈၂၁)ဦး ရှိကြောင်း၊ ပထမအကြိမ် မဲပေးပိုင်ခွင့်ရှိသူ လူငယ် (၂၈၅၈၂)ဦး ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော စာရင်းဇယား လက်ခံရေး မြေပြင်လုပ်ငန်းအဖွဲ့တွင် ပါဝင် သော ဌာနဆိုင်ရာအကြီးအကဲများက မဲဆန္ဒရှင် နယ်မြေအလိုက် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရသည့် ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ပြည်သူများ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုမှုအခြေအနေများအား ပြန်လည်ဆွေးနွေး တင်ပြခဲ့ ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)