လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂန္ဓကုဋိကျောင်းဆောင်တော်၌ (၂၆) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

လားရှိုး ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂန္ဓကုဋိကျောင်းဆောင်တော်၌ (၂၆) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ရှေ့ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များက ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို ရိုသေစွာနာယူခဲ့ပြီး   အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုအစုစုတို့အား ဆရာတော်သံဃာတော် အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ အောင်ချမ်းသာကျောင်းတိုက် ဆရာတော်အရှင်သူမြတ်က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားပင့်ခြင်း၊ သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်က ပဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများအားဖိတ်ကြားခြင်းနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ပဌာန်းဒါယကာ၊ ဒါယိကာများက ပဌာန်းပစ္စယုဒ္ဒေသ (၂၄) ပစ္စည်းကို တစ်ကြိမ် သံပြိုင်ရွတ်ဆိုပူဇော်ပြီး အလှည့်ဘာဏကဆရာတော်အရှင်သူမြတ်က စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂန္ဓကုဋိကျောင်းဆောင်တော်၌ (၂၆) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲအား ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)