ညောင်ရွှေ ဇန်နဝါရီ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှစတင်၍ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ တစ်ပြိုင်နက်တည်း ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက လာရောက်၍ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူနှင့် တာဝန်ရှိသူများက စနစ်တကျစီစဉ်ဆောင်ရွက်ပေးခဲ့ကြပြီး မဲရုံပရဝုဏ်လုံခြုံရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့တို့မှ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပေးလျက်ရှိကြောင်းနှင့် ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မဲရုံအသီးသီး၌လည်း မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများနှင့် ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက သွားလာရေးအဆင်ပြေစေရန် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်း၊ သက်တောင့်သက်သာစောင့်ဆိုင်း၍ ဆန္ဒမဲပေးနိုင်ရေးအတွက် နားနေဆောင်များ စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း ညောင်ရွှေမြို့နယ်အတွင်း စုစုပေါင်းမဲရုံ (၁၃၃) ရုံ ဖွင့်လှစ်ထားရှိကြောင်းနှင့် စုစုပေါင်းဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၄၃၁၇၇) ဦးရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ