မက်မန်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

မက်မန်း ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တတိယအပိုင်း (အပိုင်း-၃) ကို မက်မန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ သက်ဆိုင်ရာမဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် မဲပေးလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များက လွှတ်တော်တစ်ရပ်စီအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များကို စနစ်တကျကြိုတင်တပ်ဆင်ခဲ့ပြီး သက်ဆိုင်မဲရုံအသီးသီးမှ မဲရုံမှူးများက နံနက် ၆ နာရီတိတိတွင် မဲရုံဖွင့်လှစ်ကြောင်းကြေညာခဲ့ပြီး နံနက် ၆ နာရီမတိုင်မီကတည်းက ဆန္ဒမဲပေးရန်အတွက် သက်ဆိုင်ရာမဲရုံများအလိုက် လာရောက်တန်းစီစောင့်ဆိုင်းလျက်ရှိသည့် မဲဆန္ဒရှင်ပြည်သူများသည် မဲရုံဖွင့်လှစ်ချိန်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ Volter Slip နှင့်အတူ မဲစာရင်းများအား တိုက်ဆိုင်စိစစ်၍ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြသည်။

ထို့နောက် ဆန္ဒမဲလာပေးသည့် မဲဆန္ဒရှင်ပြည်သူများကို မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့ပါသည်။ မက်မန်းမြို့နယ်တွင် ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၁) အုပ်စု၊ ကျေးရွာ (၉၇) ရွာရှိ မဲဆန္ဒရှင်စာရင်းမှာ (၈၅၂၀) ဦးရှိပြီး မဲရုံပေါင်း (၃၃) ရုံတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၁၅၆ လုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)