သီပေါမြို့နယ်၌ ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိ

သီပေါ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစ၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မဲရုံတာဝန်ရှိသူများက ပါတီကိုယ်စားလှယ်များနှင့်အတူ စမ်းသပ်မဲပေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ပြီးနောက် မဲရုံမှူးက နံနက်(၆)နာရီတိတိတွင် မဲရုံစတင် ဖွင့်လှစ်ကြောင်း ကြေညာသည်။

ယင်းနောက် မဲရုံအသီးသီးတွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်  (MEVM) ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို လွတ်လပ်စွာ ဆန္ဒပြုမဲပေးလျက်ရှိသည်။

သီပေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)၌ ရပ်ကွက် (၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇)အုပ်စု စုစုပေါင်း(၂၈)ခုတို့တွင် မဲရုံပေါင်း(၄၁)ရုံရှိကြောင်းနှင့် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ စုစုပေါင်း(၆၄၉၁၄)ဦးရှိကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)