တာမွေ ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အတွင်း စံပြမဲရုံအဖြစ် ဆောင်ရွက်မည့် လျာထားမဲရုံနေရာများအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းများ၌ ဆောင်ရွက်ထားသည့် စံပြမဲရုံများ၏ မဲရုံပရဝုဏ်၊ မဲပေးစက်များနှင့် မဲရုံသတ်မှတ် အကျယ်အဝန်း၊ မဲရုံအခင်းအကျင်းနှင့် မဲရုံအပြင်အဆင်များ၊ လုံခြုံရေးပိုင်းဆိုင်ရာများ၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း မဲရုံသို့ လာရောက်မဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်စေရေးအတွက် အဝင်/အထွက်လမ်းကြောင်းများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် လုပ်ငန်းအစီအမံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဆောင်ရွက်ထားသည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မဲရုံပေါင်း(၅၄)ရုံရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ (၈၉၄၈၄)ဦးထိရှိကြောင်း၊ တာမွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၆-ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် အပိုင်း(၃)အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)