သာကေတ ဇန်နဝါရီ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး သည် အဖွဲ့ဝင်ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်စောဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နေ့လယ်ပိုင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့် သာကေတမြို့နယ်အတွင်းရှိ မဲရုံများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် အဖွဲ့ဝင်ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဦးအောင်စောဝင်း၊ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် သာကေတမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲရုံအလိုက် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ထားရှိမှုများ၊ လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျ တပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများ၏ အခက်အခဲများကို မေးမြန်းပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မဲရုံတာဝန်ထမ်းဆောင်ကြမည့်သူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ သာကေတမြို့နယ်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၃၉၄၆၄)ဦးရှိပြီး ရပ်ကွက်(၁၉)ရပ်ကွက်တွင် မဲရုံပေါင်း(၉၇)ရုံ ဖွင့်လှစ်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)