မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ဝိုင်းကုသိနာရုံ ဗုဒ္ဓဝင်ဘုရားဝင်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မော်လမြိုင် ဇန်နဝါရီ ၂၄

မွန်ပြည်နယ်အတွင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အဦများစွာရှိရာ အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ဘုရားဖူးလာရောက်နိုင်ရေး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်း ကုသိနာရုံ ဗုဒ္ဓဝင်ဘုရားအတွင်း သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူများ စိမ့်အေးချမ်းမြေ့စွာ ဘုရားဖူးမြှော်နိုင်ရေး၊ ဗုဒ္ဓဝင်သာသနိက အဆောက်အဦများ အများပြည်သူများ လေ့လာနိုင်ရေးနှင့် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုမရှိစေရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကုသိနာရုံ ဗုဒ္ဓဝင်ဘုရားဝင်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီပုထိုးများ ဘက်စုံမွမ်းမံပြင်ဆင်နိုင်ရေးနှင့် ဗုဒ္ဓဝင်အဆောက်အဦများ စနစ်တကျ ထိန်းသိမ်းနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်၊ ၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အကောင်းဆုံးဖြစ်စေရန်အတွက် အဘက်ဘက်မှ ဝန်းရံပြီး အားဖြည့်ရမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရှင်များစွာပေါ်ထွန်းခဲ့ကြောင်း၊ တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲသို့ တက်ရောက်ကြမယ့် ဘာသာရပ်သင် ဆရာ/ဆရာမများအနေနဲ့ ဆွေးနွေးမှုများကို လေးလေးစားစား လိုက်နာမှတ်သားပြီး မိမိတို့သင်ကြားပေးနေသော တက္ကသိုလ်ဝင်ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုရာမှာ ထိရောက်တဲ့ အကျိုး ကျေးဇူးတွေရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်သူများ ဖြစ်ကြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ်ဒုတိယ ပါမောက္ခချုပ်မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ပညာရေးမှူးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘာသာရပ်များအလိုက် သင်တန်းပို့ချမှုဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘာသာရပ်သင် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြင်ဆင်နိုင်ရေး စေတီတော်မြတ်ကြီးသို့ သွားရောက်၍ ဦးစွာစေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူ ပူဇော်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးနှင့် ပတ်သက်၍ ဘက်စုံမွမ်းမံဆောင်ရွက်နေမှု အခြေအနေများအား ဆရာတော်ကြီးထံ လျှောက်ထားခဲ့ပြီး သြဝါဒခံယူကာ ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းတို့အတွက် လိုအပ်သည်များကို ကုသိုလ်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)