မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကွင်းတွင် ကျင်းပသည်။

ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းချုပ်ဥက္ကဋ္ဌ ဦးယားပိုးနှင့် တာဝန်ရှိသူတို့က လားဟူရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နှစ်သစ်ကူး အထိမ်းအမှတ် ထင်းရှူးပဒေသာပင်၌ ဧည့်သည်တော်ကြီးများနှင့်အတူ ရိုးရာယဉ်ကျေးမှုအကအလှအဖွဲ့များက လားဟူထုံးစံဗူးပလွေမြေဝိုင်းအကအဖွဲ့များဖြင့် လက်ယာရစ်လှည့်လည်ကပြကာ လားဟူရိုးရာယဉ်ကျေးမှု အမွေအနှစ်ပြခန်းအား ကြည့်ရှုအားပေးပြီး လက်ဆေးမင်္ဂလာခံယူသည်။

ထို့နောက် တိုင်းမှူးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး အလှူငွေများပေးအပ်ရာ မိုင်းဆတ်မြို့နယ်လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းနာယက ဦးရှီးမွန်ကြီးက လက်ခံရယူကာ အသင်းချုပ်ဥက္ကဌ ဦးယားပိုးက လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူးသမိုင်းကြောင်းနှင့် လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့အားပေးမှု များကို လည်းကောင်း၊ မောင်မိုးသီဟနှင့် မလဲ့လဲ့ဦးတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုလည်း ကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် မိုင်းဆတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်ယဉ်ကျေးမှုအဖွဲ့များက နှစ်သစ်ကူး အကအလှသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းမှူးနှင့်တာဝန်ရှိသူတို့က တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် လားဟူတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ နှစ်သစ်ကူးအမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ပြီး မိုင်းဆတ်မြို့နယ် လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်ဥက္ကဋ္ဌ ဦးဖိုးစောက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)