တောင်ကြီး ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်ဒေသဆိုင်ရာကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် နိုင်ငံတကာသင်ရိုးသင်နှင့် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရှမ်းပြည်နယ်ဒေသဆိုင်ရာကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား တိကျစွာ လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ပြည့်စုံ၍ နိုင်ငံတော်မှ အားကိုးအားထားပြုရသူများဖြစ်လာစေရန် စနစ်တကျ လေ့ကျင့်ပျိုးထောင်သင်ကြားပေးရန် လိုအပ်ကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများအား စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းစုနှင့် တောင်ကြီးမြို့နယ်ပညာရေးမှူးတို့က ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်သည်များကို အသီးသီးရှင်းလင်းဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ကိုယ်ပိုင်(သိုမဟုတ်)ပုဂ္ဂလိကကျောင်းပေါင်း (၁၀၆)ကျောင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ထက်ဝေအောင်(ပြန်/ဆက်)