ကျိုက်မရောမြို့နယ်တွင် ဂန္ဓမာပန်းများ လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

ကျိုက်မရော ဇန်နဝါရီ ၂၄

ကျိုက်မရောမြို့နယ် အောင်သုခရပ်ကွက်၌ ဂန္ဓမာပန်းများ စီးပွားဖြစ်စိုက်ပျိုးသူများ ပန်းများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရနေသဖြင့် ပန်းစိုက်ပျိုးသူ တောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိရာ  ခြံဝင်းကျယ်မြေကွက်လပ်ရှိသူများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ အောင်မြင်လျက်ရှိကြောင်း ပန်းစိုက်ပျိုးသူ ဦးသူရထံမှ သိရသည်။

ဂန္ဓမာပန်းကို ဆောင်းရာသီမကုန်ခင် ပြာသိုလဆန်းပိုင်း၌ မြောင်းဖော်၍ ရေသွင်းကာ စနစ်တကျ စိုက်ပျိုးကြပြီး စိုက်ပြီးရက်ပေါင်း ၉၀ အကြာတွင် ဂန္ဓမာပန်းဖူးလေးများ စတင်ထွက်ရှိကာ  တစ်ပတ်အကြာတွင် အပွင့်များ လှိုင်လှိုင်ဖူးပွင့်ကာ စျေးကောင်းရနေ သဖြင့် စိုက်ပျိုးသူများ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။

ပန်းစိုက်ရာတွင်  ပန်းမျိုးစေ့များကို.မော်လမြိုင်မြို့ရှိ စိန်ပွင့်မျိုးစေ့ဆိုင်မှ ဝယ်ယူပြီး အစေ့မှ အပင်ပေါက်ကလေးများ ပျိုးကာစိုက်ပျိုးရပြီး အဓိကအရေးကြီးတာက ရေများများလောင်းပေးရန် လိုအပ်ပြီး အပွင့်ကြီးဖို့အတွက်  အပင်ရွက်ဖျန်းမြေသြဇာကို ပုံမှန်  သုံးပေးရပြီးပန်းများ မငြိုးစေရန် ရေကို တစ်နေ့နှစ်ကြိမ် သွင်းပေးရကြောင်းလည်း သိရသည်။ အခုအချိန်၌ ဂန္ဓာပန်းသုံးပွင့်ကို ၁၀၀၀ ကျပ် ပေးရပြီး စျေးကောင်းသဖြင် နေ့စဉ်ဝင်ငွေတိုးလျက်ရှိကြောင်း ပန်းစိုက်သူများထံမှ သိရသည်။

ဂန္ဓမာပန်းအဖြူရောင်သည် စျေးကွက်ဝင်ပန်းတစ်မျိုးဖြစ်ပြီး အမြို့မြို့အနယ်နယ်တွင် ဘာသာရေးပွဲများ မင်္ဂလာဆောင်ပွဲများနှင့် အရေးကြီးအခမ်းအနားများတွင် အသုံးများပြီး စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်

 မိချို(ပြန်/ဆက်)