တာချီလိတ် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ Myanmar Real Estate Services Association (Eastern Shan State- ESSRESA) အသင်း၏ ပဉ္စမအကြိမ်မြောက် ၂၀၂၆-၂၀၂၉ ခုနှစ် (၃)နှစ်တစ်ကြိမ် အလုပ်အမှုဆောင်၊ အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ကောင်းရပ်ကွက် Happy Sense တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဂုဏ်ထူးဆောင်နာယက ဦးစံသိန်းက အဖွင့်အမှာစကားပြောကြားပြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်အသင်း၏ နာယက ဦးညီညီ၊ နာယက ဦးသိန်းဝင်း၊ နာယက ဒေါ်စောနန္ဒာထွန်းတို့က နှုတ်ခွန်းဆက်အမှာစကား အသီးသီး ပြောကြားသည်။
ထို့နောက် အသင်း၏နာယက ဦးကျော်လှက အလုပ်အမှုဆောင်၊ အမှုဆောင်များ ရွေးချယ်တင်မြှောက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူး ဒေါ်ညွန့်ညွန့်ဝင်းက ဘဏ္ဍာငွေသုံးစွဲမှုမှတ်တမ်းများကိုလည်းကောင်း၊ စာရင်းစစ် ဒေါ်စန္ဒာရွှေက စာရင်းစစ်အစီရင်ခံစာမှတ်တမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးဝင်းကျော်က အသင်း၏ ရာထူးနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင် သဘာပတိအဖွဲ့ဝင်များက ရွေးချယ်တင်မြှောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ၂၀၂၆-၂၀၂၉ ခုနှစ် သက်တမ်းကာလအတွက် အလုပ်အမှုဆောင်၊ အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ရာအသင်းအတွက် အဆိုပြုထားသော အလုပ်အမှုဆောင်၊ အမှုဆောင် ၂၀ ဦးနှင့် ဆပ်ကော်မတီ ရှစ်ဖွဲ့တို့၏ အမည်စာရင်းများကို အတည်ပြုရွေးချယ်တင်မြှောက်ကာ ၂၀၂၃-၂၀၂၆ သက်တမ်းကာလ တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌ ဦးဝင်းကျော်က ရွေးကောက်ခံဥက္ကဋ္ဌသစ်အား လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)