မိုးနဲ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ်အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမတွင် ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အဖွဲ့ဝင်များသည် မိုးနဲမြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်း မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ဝန်ကြီးက တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေနှင့်အညီဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂)တို့၏ အားသာချက်၊ အားနည်းချက်များ၊ မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်များစနစ်တကျကိုင်တွယ်တပ်ဆင်ရေးနှင့် မဲရုံပြင်ဆင်ထားရှိမှုများ၏ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က ဌာနဆိုင်ရာ၊ရပ်/ကျေးစာရေးများ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဆော်ဩော်ရေးငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်သွားရေးကိုလည်းကောင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့နယ်အတွင်းမဲရုံများ စီမံဆောင်ရွက်ထားရှိမှုအားတင်ပြခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်မဲရုံများတည်ရှိသည့် လွယ်ပြေရပ်ကွက်၊ ဥယျာဉ်ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်းမဲရုံ၊ ဝမ်ဟေမဲရုံ၊ နောင်ခမ်းမဲရုံ၊ ဆိုက်ဖယ်မဲရုံ၊ နမ့်မော်ဆွမ့်၊ ကွန်နားမဲရုံတို့၌ မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)