သင်္ဃန်းကျွန်း ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီ၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ နှစ်ဦးဓမ္မပူဇာ၊ နှမ်းမနဲပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအား ၁၃၈၇ ခုနှစ် တပို့တွဲလဆန်း ၆ ရက်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ယမန်နေ့ ညနေချမ်းအချိန်က စေတီတော်ရင်ပြင် စနေထောင့် မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သင်္ဃန်းကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တက်ရောက်လာကြသည့် ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဒေဝါဝင်း၊ ရာဇာဝင်းများခင်းကာ စေတီတော်အား လကျ်ာရစ်တစ်ပတ်လှည့်လည်ပူဇော်ပြီး အခမ်းအနားပထမပိုင်း ပြီးမြောက်ခဲ့သည်။
အခမ်းအနား ဒုတိယပိုင်း ဆက်လက်ကျင်းပရာ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားပြီး စေတီတော်ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးမြင့်သိန်းက စေတီတော်ဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ဌာနဆိုင်ရာတာဝနရှိသူများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့ဝင်များ၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)