မှော်ဘီ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ရှေးဟောင်းသမိုင်ဝင်ဆံတော်ရှင် ရွှေမော်တင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ လုံးတော်ပြည့်စတီးရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဘက်စုံပြုပြင်မွန်းမံလှူဒါန်းပူဇော်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေမော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ရွှေ မော်တင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော် ငှက်မြတ်နားတော် လုံးတော်ပြည့်စတီးရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဘက်စုံပြုပြင်လှူဒါန်းခြင်းအခမ်းအနားဆိုင်းဘုတ်အား အောင်ဇမ္ဗူဆရာတော်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းတို့က စက်ခလုတ်နှိတ်ဖွင့်လှစ်ကာ ရေစက်သွန်းချအလှူတော်မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကာ မဟာဗောဓိရိပ်ငြိမ်တောရဓမ္မရိပ်သာဆရာတော်ဘုရားကြီးထံ၌ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ အလှူရှင် ဦးသူရမြင့်ဆွေ ဒေါ်သန္တာဌေးနှင့် မိသားစုနှင့် ရွှေမော်တင်စေတီတော်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ အောင်ဇမ္ဗူတောရဆရာတော်ဘုရားမှ ဩဝါဒကထာမြွက်ကြား၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ရွှေမော်တင်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော် ငှက်မြတ်နားတော် လုံးတော်ပြည့် စတီးရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် ဘက်စုံပြုပြင်မွန်မံလှူဒါန်းပူဇော်ခြင်းရေစက်သွန်းချမင်္ဂလာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးကာ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
စန်းဝင်း