နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်  နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး၊  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာရှိ ကွင်းအမှတ်(၁၅၈၁)၊ တောင်သူ ဦးဇော်ဦး၏ လယ်မြေခြောက်ဧက၌ ငရုတ်၊  ကြက်သွန်နီ၊ မုန်ညှင်း၊ ဘူး စသော စားဖိုဆောင်သုံးသီးနှံများ‌ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့‌နောက် အဆိုပါကွင်းအတွင်းရှိ စိုက်ပျိုးမြေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက  မြေအရည်အသွေး(HP)တိုင်းတားစစ်ဆေးခြင်းလုပ်ငန်း‌ ဆောင်ရွက်‌နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ စိုက်ပျိုးမြေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအား သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ သဘာဝမြေဩဇာပြုလုပ်နည်းကို တောင်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးရေး၊ မိုး၊ ဆောင်း၊ နွေ တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စိုက်နည်းစနစ် မှန်ကန်စေရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေများအား စနစ်တကျပြုပြင်နိုင်ရေး၊ ရေရရှိရေး နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊  ကြဲပက်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာရှိ ဓမ္မာရုံ၌ နေပြည်တော်ကုသရေးဦးစီးဌာနကြီးကြပ်မှုဖြင့် အထူးကုဆရာဝန်ကြီးများပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအခြေအနေ လှည့်လည်ကြည့်ရှုအားပေးရာ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆွေဇင်ဝင်းမှ ဆေးကုသပေးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြခဲ့မှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ပြီး လာရောက်ဆေးကုသမှု ခံယူလျက်ရှိသောဒေသခံပြည်သူများအား နေပြည်တော်ကောင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ဆေးကုသရေးအဖွဲ့အား လက်ဆောင်သစ်သီးခြင်း ပေးအပ်ခဲ့သည်။

ယနေ့ ဇေယျာသီရိမြို့နယ်၊  ကျည်တောင်ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများအား ဓမ္မာရုံ၌ နေပြည်တော်ကုသရေးဦးစီးဌာနကြီးကြပ်မှုဖြင့် အထူးကုဆရာဝန်ကြီးများပါဝင်သော နယ်လှည့် ဆေးကုသရေးအဖွဲ့မှ အထွေထွေရောဂါ ၁၀၇ ဦး၊ မျက်စိရောဂါ ၁၀၇ ဦး၊ သားဖွားမီးယပ် ၁၂ ဦး၊ အရိုးအကြော ၁၀၇ ဦး၊ ကလေး ၁၃ ဦး၊ ခွဲစိတ်ကုသ ၂၅ ဦးနှင့် သွားရောဂါ ၄၂ ဦး စုစုပေါင်း ဒေသခံပြည်သူ ၄၁၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်သည် သစ်တပ်ကျေးရွာအုပ်စု၊ သက်နှင်းအင်းကျေးရွာအနီး ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၂၄/၅-၂၂၅/၄)ကြာအတွင်း လမ်းအရှေ့ ဘက်ခြမ်းရွာအဝင်/အထွက်လမ်းများအား လမ်းဦးစီးဌာနမှ ကျောက်ကြီးစီ ကမ်းကပ်ခုံနှင့် R.C.C Slab Bridge တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ  နေပြည်တော်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော်မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)