ချောင်းဆုံ ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဂိုဏ်းပေါင်းဆုံ ပရိယတ္တိဟိတကာရီအဖွဲ့၏ အကြိမ် (၇၀) မြောက် ပရိယတ္တိ မွန်-မြန်မာ နှစ်ဘာသာရေးဖြေစာမေးပွဲကြီးကို ဇန်နဝါရီ (၂၃) ရက်နေ့က မင်းကျောင်းသာသနာ့ ဗိမာန်တော်၌ တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပရိယတ္တိ မွန်-မြန်မာ ရေးဖြေစာမေးကြီးကို ဆရာတော်၊ သံဃာတော် အပါး (၂၀)၏ ကြီးကြပ်မှုဖြင့် ဝင်ရောက်ဖြေဆိုသူ သံဃာတော်နှင့် သီလရှင် စာချတန်း (၄၃) ပါး၊တတိယတန်း (၅၉) ပါး၊ ဒုတိယတန်း (၆၄)ပါး၊ ပထမတန်း (၁၂၀)ပါး၊ ဥပစာတန်း (၆၇) ပါးနှင့် မူလတန်း (၁၁၀)ပါး စုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင် (၄၆၆) ပါး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး စာမေးပွဲကို ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၇)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာသီတင်းသုံးနိုင်ရန် ဝေယျာဝစ္စလုပ်ငန်းများအတွက် အလှူရှင်များမှ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)