နမ့်စန်မြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း‌အဝေး

နမ့်စန်(တ) ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အဆင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အမှာစကားပြောကြား၍  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း၏ ရည်ရွယ်ချက်များ၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားစေရေး လက်ရှိဆောင်ရွက်လျက်ရှိသော နည်းဗျူဟာများ၊ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်များ၊ ကာကွယ်ဆေးများ ထိုးနှံလွှမ်းခြုံမှုအခြေအနေနှင့် ၂၀၂၆ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  တက်ရောက်လာကြသော ကျန်းမာရေးဝန်ထမ်းများက မိမိတို့ကျန်းမာရေးဌာန၊ ဌာနခွဲများအလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားနည်းချက်များကို ပြန်လည်တင်ပြဆွေးနွေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်တို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင် ဦးဇေယျာဟန် ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိ ကျန်းမာရေးဌာန၊ ဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)