ဖယ်ခုံမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဖယ်ခုံ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာပြုလုပ်နိုင်ရေးအတွက် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ၊ မဲရုံအသီးသီးတွင် တာဝန်ချထားသည့် ဌာနဆိုင်တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဖယ်ခုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဖယ်ခုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေမှအမှာစကား ပြောကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းရှိရာတွင် အပိုင်း(၁)နှင့်(၂)အောင်မြင်စွာ ဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်း၊ ဖယ်ခုံမြို့နယ်သည် အပိုင်း(၃)တွင်ပါဝင်သောကြောင့် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အားထည့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မဲရုံအလိုက်ဌာနဆိုင်ရာ အကြီးအကဲများအား တာဝန်ပေးအပ်ထားကြောင်း၊ မဲစက်ကိုင်သင်တန်း၊ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းဆောင်တာသင်တန်းအသီးသီး ပို့ချပြီးပြီဖြစ်ကြောင်း၊ မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်မှုကို စနစ်တကျအချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းမှာကြားသည်။ ထို့နောက် ဖယ်ခုံမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲမှူးချိုလွင်မှ ရွေးကောက်ပွဲအပိုင်း(၃)တွင် အတွင်းစည်း၊ အပြင်စည်းလုံခြုံရေးကိစ္စဆိုင်ရပ်အား ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်သင်မှ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလွင်ဦးမှ မဲပေးပိုင်ခွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် အသက် (၁၈)နှစ်ပြည့်သော နိုင်ငံသားစိစစ်ရေးကတ်မရှိသူများနှင့် ပျောက်ဆုံးသွားသူများအား (၂၄.၁.၂၀၂၆) ရက်နေ့နှင့် (၂၅.၁.၂၀၂၆) နေ့တွင် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။ အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)