အောင်မြေသာစံ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းမှုနည်းပညာသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်း×၇၃လမ်းထောင့်ရှိ မန္တလေးလူငယ် သင်တန်းကျောင်းတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်လတ်၊အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်နှင့် အလုပ်အမှုဆောင်များ၊ ကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇာနည်မောင်နှင့်ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် လူမှုရေးရာဝန်ကြီးက သင်တန်းနည်းပြ ၂ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ထောက်ပံ့သော Tool Box များကို သင်တန်းသားများအား ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ၁၀ ရက်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)