ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲတက်ရောက်

စစ်တွေ  ဇန်နဝါရီ ၂၂

စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဝင်္ကဘာကွင်း၌ကျင်းရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်နှင့် တာဝန်ရှိသူများသည် အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြပြီး ပုရိတ်တရားရွတ်ပွားချီးမြှင့်ရန်ကြွရောက်တော်မူကြသော ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များအား နဝကမ္မအလှူ ငွေများဆက်ကပ်လှူဒါန်းကြသည်။

ထို့အတူ စစ်တွေမြို့ပေါ် ရပ်ကွက်အသီးသီးမှ ပြည်သူများသည် စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်သို့ ဦးဥတ္တမပန်းခြံရှေ့စုရပ်မှ ပွဲတော်ကျင်းပရာ ဝင်္ကဘာကွင်းသို့ စီတန်း လှည့်လည်ကာ တက်ရောက်ကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ စစ်တွေမြို့မှ သက်ကြီးအဘိုး၊ အဘွားများ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဝင်္ကဘာကွင်း၌ကျင်းပရာ သာဂီမဏ္ဍိုင် ရခိုင်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့မှ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် “ပိုဒ်စုံရတု”ဖြင့်သီဆိုကာ ရခိုင်မင်္ဂလာစည်တော်တီး၍ အခမ်းအနားကိုဖွင့်လှစ်ကြသည်။ ဆက်လက်၍ အနုပညာရှင်များက “ငါရို့ချစ်တယ် မြို့စစ်တွေ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ သာဂီမဏ္ဍိုင် ရခိုင်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့မှ “စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်” သီချင်းအား သီဆိုဖျော်ဖြေပေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်တွေမြို့ရှိ ထေကြီးဝါကြီး ဆရာတော်ကြီးများထံ ဩဝါဒခံယူပြီး ပွဲတော်ဖြစ်မြောက်ရေးကော်မတီကို မြို့မိ၊ မြို့ဖများနှင့်ဖွဲ့စည်းကာ ကော်မတီ(၁၁)ရပ် ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ လုပ်ငန်စဉ်များ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ခဲ့သူများ၊ အလှူရှင်များ အားလုံးကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အထူးပင်ကျေးဇူးရှိကြောင်း၊ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် ပွဲတော်အဖြစ် ကျင်းပဆောင်ရွက်သည့် သက်ကြီးပူဇော်ပွဲ၊ မီနီမာရသွန်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများတွင်လည်း ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ဆုများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးသည့်အတွက် ကော်မတီကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လက်ထက်တွင် ထူးကဲစွာ ကြုံတောင့်ကြုံခဲ့လှသည့် စစ်တွေမြို့တော်ကြီး၏ မြို့တည်နှစ် နှစ်(၂၀၀)ပြည့် အခါသမယနှင့် တိုက်ဆိုင် ကြုံကြိုက်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရကြောင်း၊ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲ များ၊ အားကစားပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ရိုးရာပူဇော်ပသပွဲများ၊ သက်ကြီးပူဇော်ပွဲနှင့် စစ်တွေမြို့ရှိ အထင်ကရအထိမ်း အမှတ်များအား လှည့်လည်ရေးယာဉ်များ၊ သမိုင်းအထောက်အထား ပြခန်းများနှင့်အတူ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အတွက် ပြည်သူလူထုအပါအဝင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲသွားကြရန် လိုကြောင်း၊ စစ်တွေမြို့တော်ကြီး၏ နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် အခါသမယကစပြီး နောင်နှစ်ပေါင်း များစွာတိုင်အောင် တည်တံ့ခိုင်မြဲပြီး မြို့တော်သူ၊ မြို့တော်သားများနှင့်တကွ ပြည်ထောင်စု မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဖြတ်သန်းသွားရန်၊ စစ်တွေမြို့မှလည်း နိုင်ငံတော်နှင့် ပြည်နယ်အတွက် အားကိုးအားထားရသည့် ထူးချွန်ထက်မြတ်သည့် လူငယ်များ ပေါ်ထွန်းလာနိုင်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် စစ်တွေမြို့တည် နှစ်(၂၀၀) ပြည့်အထိမ်းအမှတ် အမျိုးသား အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကလည်းကောင်း၊ အမျိုးသမီးအလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်က လည်းကောင်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိ ကြသူများအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးကလည်းကောင်း၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းမှတ်ပွဲတော် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင် စကားပြန်လည်ပြောကြား၍ သာဂီမဏ္ဍိုင် ရခိုင်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့က ရခိုင်ရိုးရာ အိုးစည်ယိမ်းအကဖြင့်  ဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြကာ ပွဲတော်ဖွင့်ပွဲတွင် ပူးပေါင်းပါဝင် ဖျော်ဖြေ ပေးကြသော ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်(၂၀၀) ပြည့်အထိမ်းအမှတ် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ပြခန်းနှင့် ရှေးဟောင်းအမှတ်တရနှင့် ကဗျာ၊ ကာတွန်းပြခန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနပြခန်း၊ ပန်းချီးအနုပညာပြခန်း၊ အမှတ်တရပစ္စည်းအရောင်းပြခန်း တို့အား လှည့်လည်ကြည့်ရှုအားပေးကြပြီး စတုဒီသာများ ကျွေးမွေးလှူဒါန်းကြသည်။ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့တည် နှစ်(၂၀၀) ပြည့်အထိမ်းအမှတ်ပွဲတော်တွင် ပုရိတ်တရားရွတ်ပွားချီးမြှင့် ရန်ကြွရောက်တော်မူကြသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပသော စစ်တွေမြို့ တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဗြိတိသျှအင်္ဂလိပ်တို့သည် ၁၈၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကြောင့် ရန္တပိုစာချုပ်အရ ရခိုင်ဒေသကို သိမ်းပိုက်ပြီး ၁၈၂၆ ခုနှစ်တွင် စစ်တွေမြို့ကို တည်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် မြို့သက်တမ်းသည် နှစ်(၂၀၀)ရှိပြီဖြစ်ကြောင်း၊ သက်တမ်းကာလ ရာပြည့်ကိန်းဂဏန်းတစ်ခုကို ကြုံတွေ့ရသည်မှာ လူ့ဘဝသက်တမ်း တစ်လျှောက်တွင် ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း၊ မြို့သက်တမ်းနှစ်(၂၀၀)နှင့်အညီ သက်ကြီးဘိုးဘွား (၂၀၀)ဦးကို ပူဇော်ကန်တော့ရန်ဆုံးဖြတ်ခဲ့ကြပြီး အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးများစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် တောင်းခံပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပေးပို့သည့် သက်ကြီးစာရင်းကို စိစစ်ပြီး (၂၀၀)ဦးကို ရွေးချယ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဘိုးအဘွားများအတွက် လမ်းစရိတ်အပါအဝင် အဘိုးအဘွား တစ်ဦးကို (၁၁၀,၀၀၀)ကျပ် ကန်တော့သွားမည်ဖြစ်ကြောင်း၊ စစ်တွေမြို့ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားပြုပြင် ဆောင်ရွက် ပေးနေသည်ကို တွေ့မြင်နေကြရမည်ဖြစ်ကြောင်း၊ သာယာလှပသည့် မြို့တော်ကြီး တစ်ခုဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြောင်း၊ ကြိုးစားဆောင်ရွက်နေကြသည်ကိုလည်း အဘိုးအဘွားတို့ မြင်တွေ့မည်ဖြစ်ပြီး သာဓုခေါ်ဆိုနိုင်ကြမည်ဖြစ်ကြောင်း၊ ကန်တော့ခံကြသည့် အဘိုးအဘွားများထဲ တွင် မိမိတို့၏ မိခင်၊ ဖခင်အရွယ်၊ အဘိုးအဘွား၊ သင်ဆရာ၊ မြင်ဆရာများလည်း ပါရှိမည်ဖြစ်ကြောင်း၊ ကန်တော့ထိုက်သူကို ကန်တော့ရခြင်းသည် (၃၈) ဖြာမင်္ဂလာ တရားထဲတွင် ပူဇာစ၊ ပူဇနေရာနံ ဆိုသည့် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ယခုကဲ့သို့ ပူဇော်ရခြင်းသည် မှန်ကန်သော စွမ်းအားသတ္တိကြောင့်ဆိုးကျိုးများ ပယ်ပျောက်ပြီး ကျေအေးခြင်း၊ သည်းခံခွင့်လွတ်ခြင်း၊ ကောင်းကျိုးချမ်းသာမင်္ဂလာအလုံးစုံကို ခံစားရရှိစေကြောင်း ပြောကြားသည်။

ထို့နောက် ပွဲတော်ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌက သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက သက်ကြီး အဘိုးအဘွားများအား လက်ချီမိုး ကန်တော့ကြသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အလှူရှင်များက သက်ကြီးပူဇော်ပွဲအတွက် အလှူငွေများပေးအပ်လှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဦးဆောင်ကာ ဘိုးဘွားများအား အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ပူဇော်ခံ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပရေးကော်မတီ ရခိုင်ယဉ်ကျေးမှုအဖွဲ့က ရခိုင်ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ စစ်တွေမြို့တည် နှစ် (၂၀၀)ပြည့် အထိမ်းအမှတ် ဗီဒီယိုအား ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရခိုင်ယဉ်ကျေးမှုယိမ်းအကအဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်ကာ အဘိုး၊ အဘွားများအား ရင်းရင်းနှီးနှီးတွေ့ ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)