မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁) ခု တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၂

မွန်ပြည်နယ်မုဒုံမြို့အနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်း(၁)တည်ဆောက်နိုင်ရေးနှင့် စပ်လျဥ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မုဒုံမြို့နယ်အနီးရှိ ယခင်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ရန် လျာထားသည့် မြေဧရိယာ(၃၉၂.၇၅)ဧကတွင် TMS Holdings Co.,Ltd မှ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁)ခုအား BOT စနစ်ဖြင့် တည်ဆောက်ခွင့်ပြုနိုင်ရေး အဆိုပြုတင်ပြထားသည့်ကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ အဆိုပါနေရာတွင် စက်သုံးဆီဆိုင်ရာ ဆိပ်ခံတံတား၊ စားသုံးဆီနှင့် အထွေထွေကုန်ပစ္စည်းများဆိုင်ရာ ဆိပ်ခံတံတားနှင့် LPG ဆိုင်ရာ ဆိပ်ခံတံတားတို့ပါဝင်သည့် ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁)ခုအား BOT စနစ်ဖြင့် တည်ဆောက်နိုင်ရေး TMS Holdings Co., Ltd မှအဆိုပြု လျှောက်ထားလာမှုအပေါ် မူအားဖြင့် ခွင့်ပြုပေးနိုင်ပါရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ပါရန် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီရုံးမှ အကြောင်းကြားလာကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွားဆိပ်ကမ်းတည်ဆောက်ခြင်းဖြင့် ပြည်နယ်အတွက်ရော နိုင်ငံအတွက်ပါပိုမို အကျိုးရှိသည့်စီမံကိန်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက ပူးပေါင်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ထို့နောက်ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(၁)ခု တည်ဆောက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာဌာနများနှင့် TMS Co., Ltdတို့မှတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများကဖြည့်စွက် အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မှာ နှစ်စဉ် မြင့်မားလျက်ရှိပြီး ယခု ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း အားသွန်းခွန်စိုက်အလေးထား ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အောင်ချက်မြင့်မားရေးသည် အထူးအ‌ရေးကြီးသလို တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးသည်လည်း အလွန်ပင် အဓိကကြ၍ အထူးဂရုပြုဆောင်ရွက်ပေး‌စေလိုကြောင်း၊ မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးကဏ္ဍသည် အဓိကဖြစ်သည့် အတွက် မိမိတို့ပြည်နယ်ရဲ့ နှစ်အဆက်ဆက်ရရှိခဲ့သော ပညာရေး မြင့်မားမှုဂုဏ်ကို ထိန်းသိမ်းနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြဖို့နှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေဖို့ အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ပညာရေးမှူးက ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားဦးရေ၊ စာစစ်ဌာနများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က ဘာသာရပ်သင် ဆရာ/ ဆရာမများအား ဘာသာရပ်အလိုက် သင်တန်းပို့ချမည့် အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး သက်ဆိုင်ရာ‌ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)