နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တပ်ကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုအားပေး

တပ်ကုန်း ဇန်နဝါရီ ၂၂

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကုသရေးဦးစီးဌာန၊  နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန၊ တပ်ကုန်းမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ယူနေမှုနှင့် တပ်ကုန်းကုတင် (၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များက အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ ကြက်ဥငါးလုံးနှင့် ခေါက်ဆွဲခြောက်ငါးထုပ်စီ လှူဒါန်းပေးအပ်ခဲ့ပြီး အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ ဘုရင့်နောင်ရပ်ကွက်၊  COE ပုဂ္ဂလိကမူလတန်းကြိုကျောင်းအား ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး  ကြည့်ရှုစစ်ဆေးခဲ့ရာ နေပြည်တော်ကောင်စီဝင်က တည်ထောင်ခွင့်ပြုမိန့်ရရှိထားသော ကျောင်းများအား သက်တမ်းမကုန်မီ သက်တမ်းတိုးလျှောက်ထားနိုင်ရေး အသိပေးခြင်းများပြုလုပ်သွားရန်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး အချိန်နှင့်တပြေးညီ ဆောင်ရွက်ကြရန်၊ မူလတန်းကြိုပညာရေးသည် ကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းတို့၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်၊ ကျောင်းသုံးပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့ပေးရန်နှင့် မိဘများအား ပညာရေးတွင် ပိုမိုပါဝင်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သင်ကြားရေးနှင့် သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စေခြင်းဖြင့် ကလေးဗဟိုပြုသင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းများ ပြည်စုံစွာထားရှိပေးရန်၊ နည်းပညာနှင့်အညီ ခေတ်မီပညာရေး နည်းစနစ်များကို ကလေးများအရွယ်နှင့် ကိုက်ညီစွာ မိတ်ဆက်သင်ကြားပေးရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြလိုကြောင်း ရှင်းလင်းမှာကြားခဲ့ပြီးနောက် တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုဃ်းကောင်းဆုတောင်းပြည့်ဘုရားသို့ ရောက်ရှိဖူးမြှော်ကြည်ညိုပြီး မိုဃ်းကောင်းဆုတောင်းပြည့်ဘုရား ပြုပြင်မွမ်းမံနေမှုအခြေအနေများကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ဘုရားဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ ရှေ့သို့ချီ ပုဂ္ဂလိကမူလတန်းကြိုကျောင်းအား ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ပေးရန် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်