သထုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ စီမံကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုနေ့အဖြစ် ပြပွဲ၊ ပြိုင်ပွဲများနှင့် လူငယ်စကားဝိုင်းတို့ကို ယမန်နေ့နံနက်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ပွဲတော်အကြိုကျင်းပရာတွင် အထက်တန်းအဆင့် လူငယ်စကားဝိုင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောနှင် ကဗျာရွတ်ဆိုခြင်းနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲတို့နှင့် စကားပုံဆက်၊ အရုပ်ဆက်၊ သင်္ချာဉာဏ်စမ်း၊ သင်္ကေတမှတ်နိုင်စွမ်းစသည့် ပျော်ရွှင်ဖွယ်ရာ ကစားနည်းအစီအစဉ်တို့ကိုကျင်းပပေးရာ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းသားကျောင်းသူတို့က တပျော်တပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပွဲတော်ကို ဇန်နဝါရီလ ၂၂ ရက်နေ့၌ ပြိုင်ပွဲများ၊ ပြခန်းများ၊ ပျော်ရွှင်ဖွယ်ရာ ကစားနည်း အစီအစဉ်များ၊ စာအုပ်အရောင်းဆိုင်များတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသားကျောင်းသူစုစုပေါင်း ၂၀၀၀ ဝန်းကျင်ခန့် ပါဝင်ဆင်နွှဲကြမည်ဖြစ်ကာ ယနေ့ပြိုင်ပွဲအသီးသီးမှ ဆုရကျောင်းသားကျောင်းသူတို့အား ပွဲတော်ကျင်းပရာ၌ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)