ဒက္ခိဏသီရိမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

 နေပြည်တော် ဇန်နဝါရီ ၂၂

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူထုအရှေ့၌ ပြောဆိုဆွေးနွေးတက်သည့် အတွေ့အကြုံများ၊ ရရှိစေရန်နှင့် ကိုယ်ပိုင်အတွေးအမြင်များကို တစ်ဦးနှင့်တစ်ဦး ဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)-ရန်အောင်မြင်၌ ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာပေလေ့လာဖတ်ရှုကြစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ရရှိသည့် ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်ပြီး ပရိသတ်ရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့် သတ္တိများရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်အယူအဆ အသိအမြင်များမှန်ကန်စေရေး၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး စသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာမှာ လွန်စွာထိရောက်ကောင်းမွန်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး ယနေ့လူငယ်များသည် ဗလငါးတန်နှင့်ပြည့်စုံ၍ အရည်အချင်းကောင်းများရှိမှသာ တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီအေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-8 ကျောင်းသူ၊ ကျောင်းသားများဖြစ်သည့် မပြည့်ဖြိုးသန္တာအောင်နှင့် မောင်သန့်ဇင်ခိုင်တို့က “လူငယ်နှင့် နည်းပညာ”ခေါင်းစဉ်အောက်မှ “ပညာရေးအပေါ် အကျိုးသက်ရောက်မှုနှင့် နည်းပညာကို အကျိုးရှိအောင် အသုံးချနည်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11‌ ကျောင်းသူ မနွေးယုလှိုင်က “နည်းပညာ၏ပညာရေးအပေါ် အကျိုးသက်ရောက်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7‌ ကျောင်းသူ မယွန်းဝတီနိုင်က “အလုပ်အကိုင်နှင့် အခွင့်အလမ်း”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းကြရာ လူငယ်စကားဝိုင်းတွင်ပါဝင်သော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 အောင်သူရဦး(ဒက္ခိဏ)