နေပြည်တော် ဇန်နဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နောက်ဆုံး(၃)လပတ်သို့ ရောက်ရှိလာချိန်၌ အေဂျင်စီအဖွဲ့ဝင်ဌာနများ၏ စီမံကိန်းလျာထားချက်များအား ဘဏ္ဍာနှစ်နောက်ဆုံး(၃)လပတ်အတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနအလိုက်လျာထားသည့် စီမံကိန်းများ၊ မှတ်ပုံတင်လိုင်စင်များ၊ ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဌာနများမှ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးကြရန်လိုကြောင်း၊ မြို့နယ်အလိုက် MSME ထုတ်ကုန်ပြပွဲနှင့် ပြပွဲကျင်းပခြင်းကြောင့် တစ်ခါသုံးအင်ဖက်ဖြင့် ပြုလုပ်သော လူသုံးကုန်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်း ဖြစ်သော လွှစာမှုန့်၊ ဖွဲဖြင့်ပြုလုပ်သော လမ်းခင်းအုတ်လုပ်ငန်း၊ ထန်းရွက်နှင့်ပြုလုပ်သော လက်မှုလုပ်ငန်းများ၊ မြန်မာ့ရိုးရာအိုးစည်ထုတ်လုပ်သည့်လုပ်ငန်း စသောတီထွင်ဆန်းသစ်မှု လုပ်ငန်းများ၊ လုပ်ငန်းသစ်များဖော်ထုတ်နိုင်ခဲ့သလို အခြားမြို့နယ်များမှာလည်း မြို့နယ်အတွင်းရှိ မှတ်ပုံတင်ထားခြင်းမရှိသော MSME လုပ်ငန်းများနှင့် မှတ်ပုံတင် ထားပြီးဖြစ်သော MSMEလုပ်ငန်းများအား ဆွဲဆောင်စည်းရုံး၍ ပြပွဲ၊ ပြိုင်ပွဲများတွင် ယခုထက်ပိုမို ပါဝင်လာနိုင်အောင် ဆွဲဆောင်စည်းရုံးသွားကြဖို့ ပြောကြားလိုကြောင်း၊ မြို့နယ်အလိုက် ကျင်းပခဲ့သည့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများ၏ အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုတို့ကိုသုံးသပ်၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီအနေဖြင့် ၅၀ ပေ x ၃၀ ပေ ပြခန်း(၂)ခန်း၊ ၂၀ ပေ x ၂၀ ပေ ရိုးရာအစား အစာပြခန်း(၂)ခန်းတို့ ပါဝင်ပြသရောင်းချမှာဖြစ်သလို မြို့နယ်အလိုက် စားသောက်ကုန်၊ လူသုံးကုန်လက်မှုလုပ်ငန်းတို့တွင် ဆုရရှိသည့်လုပ်ငန်းများ၊ Export လုပ်ငန်းများ၊ စိုက်ပျိုးရေးသုံး စက်မှုထုတ်ကုန်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများ၊ ဆိုလာလုပ်ငန်းများ ပါဝင်ပြသနိုင်အောင် စီစဉ်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါကြောင်း၊ ဆက်လက်၍ နေပြည်တော်ကောင်စီနှင့် မင့်စ်မြို့တော်တို့အကြား စီးပွားရေးစင်္ကြန်လမ်းအတွက် Road Map လမ်းပြမြေပုံနှင့် ကုန်သွယ်ရေးလမ်းကြောင်းအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မင့်စ်မြို့တော် စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုလုပ်ငန်းလိုအပ်ချက်များနှင့် နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ဈေးကွက်ဝေစုရရှိရေး ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့် စိန်ခေါ်မှုတို့အကြား နေပြည်တော် အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စံချိန်စံညွှန်းပြည့်မီသည့် ထုတ်ကုန်များ Value Added လုပ်ငန်းများ၊စီးဝင်/ စီးထွက်ကုန်စည်များအားလုံး မင့်စ်မြို့တော်သို့ Export တင်ပို့နိုင်အောင်ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ကုန်သွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား MSME လုပ်ငန်းများ လုပ်သာ ကိုင်သာရှိသည့်လုပ်ငန်း များကို ရှာဖွေဖော်ထုတ်သွားရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် MSMEလုပ်ငန်းများနှင့် Export လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်ဒိုင်များ၊ ဌာနဆိုင်ရာများအနေဖြင့် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှကြိုတင် မျှော်တွေးပြီး ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် လယ်ဝေးမြို့နယ်၊ H-1 လမ်း (ရန်ကုန်-မန္တလေးလမ်းဟောင်းမှ မြို့ရှောင်လမ်း) အထိ မူလ (၂၄ ပေ)အကျယ် (၂)လမ်းသွား ကွန်ကရစ်လမ်းမှ (၄၈ ပေ)အကျယ် (၄)လမ်းသွား ကွန်ကရစ်လမ်းအဖြစ် တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင် လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ ငလျင်ဘေး အပါအဝင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ လမ်းဘေးဝဲ/ယာ တစ်လျှောက်စိုက်ပျိုးထားသည့် အရိပ်ရအပင်များအား စနစ်တကျစိုက်ပျိုးစေရန်နှင့် ပြန်လည်အစားထိုးစိုက်ပျိုးရန်တို့ကို မှာကြားခဲ့သည်။
အဆိုပါ (H1 လမ်း)တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းအား ကုမ္ပဏီသုံးခုခွဲ၍ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ လေးဆယ်ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် ပျဉ်းမနားမြို့နယ် ရာဇဌာနီလမ်း၌ နိုင်လွန်ကတ္တရာ AC ခင်းကျင်းပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လမ်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် လမ်းဘေးဝဲ/ယာသန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)