ချောင်းဆုံမြို့နယ် ကွမ်လှာ(အ.ထ.က-ခွဲ)ကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ

 

ချောင်းဆုံ ဇန်နဝါရီ ၂၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးကာ ဇန်နဝါရီ (၂၀) ရက်နေ့ နံနက် (၁၀) နာရီက ကွမ်လှာ (အ.ထ.က-ခွဲ) ကျောင်း ခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနုထွေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် မြို့နယ်အားကစားမှူး ဒေါ်သက်ငုံဖူးတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ကာ ပါဝင်ဆွေးနွေးသူ (Grade-12) ကျောင်းသား မောင်ဝေယံတိုးက “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ၊ (Grade12) ကျောင်းသူ မအိဆုညွန့်ဝေ က “လူငယ်နှင့်ကျန်းမာရေး” ၊(Grade-12) ကျောင်းသူ မဆောင်းနှင်းရတနာက “ဝန်းကျင်း ကမ္ဘာထိန်းသိမ်းရေး အိုဇုန်လွှာအလေးပေး”နှင့် (Grade-12) ကျောင်းသား မောင်ရှိန်းကျော်ကျော်အောင်က “ကြိုတင်ပြင်ဆင်အောင်ပွဲဝင်” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)