စဉ့်ကိုင် ဇန်နဝါရီ ၂၁
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသဲစုကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း (ကသဲစု)တို့ ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုအထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ အသိပညာပေး ဟောပြောပွဲတွင် အမက(ကသဲစု)ကျောင်းအုပ်ဆရာမကြီး ဒေါ်သူကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ သမိုင်းကြောင်း စသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခန်းမအတွင်း ပြသထားသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ အမည်စာရင်းများ၊ ကဗျာ၊ ဆောင်ပုဒ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)