နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်​ထောင်စု/​နေပြည်​တော်​ကောင်စီ​ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် လုပ်ငန်းများ ​ကွင်းဆင်းကြည့်ရှု

တပ်ကုန်း ဇန်နဝါရီ ၂၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူး၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုး​ရေးဦးဌာန ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ပြည်​ထောင်စု/​နေပြည်​တော်​ကောင်စီ​ ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ အုန်းပင်ကျေးရွာ၊ သားခိုတောင်ဘုရား တောင်တက်လမ်းသို့ရောက်ရှိ၍ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ အုန်းပင်ကျေးရွာနှင့် သကြားဟင်းအိုးကျေးရွာချင်းဆက်လမ်းတံတား တည်ဆောက်နေမှု၊ အုန်းပင်ကျေးရွာနှင့် တောင်ပို့သာကျေးရွာဆက်သွယ်သည့် အရှည်ပေ ၃၀၀ တံတားတည်ဆောက်နေမှု၊ တောင်ပို့သာ-သကြားဟင်းအိုးကျေးရွာချင်းဆက်လမ်း တံတားမြေကာနံရံဆောင်ရွက်မည့်နေရာ၊ မကျီးပင်ကျေးရွာနှင့် ချောင်းခွကျေးရွာချင်းဆက်လမ်းအရှည် ၁၈၀ပေ တံတား ကျောက်စီမြေကာနံရံဆောက်လုပ်နေမှု၊ မကျီးပင်(ဘူတာ)မှ ကျောင်းရွာကျေးရွာဆက်သွယ်ထားသည့်လမ်း မြေသားတာဘောင်တင်ခြင်းနှင့် ကျောက်ရောမြေခင်းကျင်းဆောင်ရွက်နေမှု၊ အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အဝီစိတွင်းမှထွက်ရှိသည့် ရေများ ရေသန့်စင်နေမှု၊ ရွှေဥဒေါင်း-ရွေးစုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းပုခုံးခင်းကျင်းနေမှု၊ တံခွန်တိုင်-ပင်းစု- သရက်တောကျေးရွာများသို့ ဆက်သွယ်သောလမ်း မြေသားတာဘောင်တင်ခြင်း၊ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် သတ်မှတ်စံချိန်စံညွှန်ပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်