နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

တပ်ကုန်း ဇန်နဝါရီ ၂၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အေး၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သံခဲတောင်ကျေးရွာတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ကိုယ့်မြေ၊ ကိုယ့်ရေများကို တန်ဖိုးထားလုပ်ဆောင်ရေး၊ ဆိုလာစနစ်ဖြင့် မြေအောက်ရေထုတ်လုပ်၍ သီးနှံဖြစ်ထွန်းအောင် ဆောင်ရွက်ရေး၊ လယ်ယာမြေများ မြေဆီကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် သဘာဝမြေဩဇာများ ကိုယ်တိုင်လုပ်ထုတ်သုံးစွဲရေး၊ ဒေသထွက်ကုန်ကြမ်းများကို ကုန်ချောပြုလုပ်ရောင်းချနိုင်ရေး၊ အသား ကဏ္ဍ ဈေးနှုန်းကြီးမှုသက်သာရေးအတွက် ဒေသဆိတ်၊ ဝက်၊ ကြက်များ တစ်ပိုင်တစ်နိုင်မွေးမြူရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆည်ရေပေးဝေမှုနှင့်စီမံကိန်းလုပ်ငန်းများ၊ သီးနှံ(၁၀)မျိုး ပန်းတိုင်အထွက် နှုန်းပြည့်မီရေး ရှင်းလင်းတင်ပြ၍လည်းကောင်း၊ သံခဲတောင်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ကျောက်မိုးကျောင်းတိုက်၊ ကျောက်မိုးဘုရားအား ဖူးမြော်ကြည့်ညိုကာ ကျောင်းထိုင်ဆရာတော်အား သင်္ကန်း၊ ဆေးနှင့်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ထန်းတောကြီးကျေးရွာ၊ ဆင်သေဆည်လက်ယာတူးမြောင်းမကူး အလျား ၂၉ ပေ၊ အကျယ် ၁၈ ပေ တံတား၊ ဂွေးပင်ကျေးရွာ ကုန်ထုတ်လမ်း၊ တံခွန်တိုင်ကျေးရွာကုန်ထုတ်လမ်း၊ ရွေးစုကျေးရွာကုန် ထုတ်လမ်းနှင့် ကွင်းအမှတ် (၁၄၆၂) ကွင်း၊ ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးထားသည့် ပန်းမုန်လာပွင့်စိုက်ခင်းနှင့်ပြောင်း စိုက်ခင်းများ၊ လက်ပံတောကျေးရွာကုန်ထုတ်လမ်းနှင့် ကွင်းအမှတ်(၁၃၁၅)ကွင်း၊ ဆိုလာရေတင်စနစ်ဖြင့် ဂျပန်ဟင်းနုနွယ်စိုက်ခင်း၊ ညောင်ပင်သာကျေးရွာ ကုန်ထုတ်လမ်းများနှင့် ရွှေဥဒေါင်းကျေးရွာ ဘက်စုံသုံး ခန်းမတို့အား ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုများ ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က တင်ပြမှုများနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ရောက်ရှိ၍ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့နှင့်တွေ့ဆုံ၍ နွေစပါးနှင့်နွေသီးနှံများ လျာထားဧကပြည့်မီရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်