နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်  နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးမြေငလျင်ကြီးကြောင့် ဇမ္ဗူသီရိမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်သို့သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရာဇဌာနီလမ်းမကြီးအား ‌ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြချက်များအ‌ပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းသုံးကျောက်များအား သတ်မှတ်ထားသည့် အရွယ်အစားအတိုင်း အသုံးပြုဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိစေရေး၊ လမ်းပိုင်းများအား စံချိန်၊ စံညွှန်းနှင့်အညီ သတ်မှတ်အချိန်အတွင်းအမြန်ပြီးစီးအောင်ဆောင်ရွက်ရန်၊ လမ်းဘေးက ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရန်၊ ရေစီးရေလာကောင်းမွန်‌စေရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်သို့သွားရောက်ပြီး သံလွင်လမ်းတစ်လျှောက် နိုင်လွန်ကတ္တရာ(AC)ခင်းကျင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ငွေစံပယ်လမ်းပြန်လည်ပြုပြင်‌နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် အများပြည်သူများ သွားလာရေးအဆင်ပြေစေရန် လမ်းပိုင်းများသတ်မှတ်အချိန်အတွင်းအမြန်ဆုံးပြီးစီးအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေး၊ လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

 

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီရိမဏ္ဍိုင်လမ်းနှင့် သောကလမ်းရှိ လမ်းပိုင်းများအား ပြန်လည်ပြုပြင်ခြင်းနှင့် မြေသားညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စံချိန်နှင့်အညီ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေးမှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မီတာ (၄၀၀)အားကစားကွင်း‌ ဖောက်လုပ်ခြင်းနှင့် ပွဲကြည့်စင်ပေ(၁၅၀× ၄၀) RC(၂) ထပ်တည်ဆောက်ခြင်းမြေနေရာ ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်အချိန်မီပြီးစီးအောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့် ရေရှည်ခိုင်ခံ့မှုရှိစေရန် soil test စစ်ဆေးခြင်းများကိုစနစ်တကျစီမံဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိအောင် သတ်မှတ်အချိန်အတွင်း စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရန် တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)