မြစ်သား ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင်မဲပေးပိုင်ခွင့်ရှိသူသူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီအချိန်က မြစ်သားမြို့ဆိုင်းဘုတ်၊ သံလမ်းဆုံအနီး၊ မြင်းခြံ- နွားထိုးကြီး-မြစ်သား-လက်ညိုးထိုးကားလမ်းမပေါ်၌ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲ ဖြင့်သာဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်အချက်များပါဝင်သော လက်ကမ်းစာစောင်များကို စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်သန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်မျိုးမမဇင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေယံစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်မြသက်မွန်နှင့်အဖွဲ့တို့မှ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင် ၅၀၀ စောင်အား ခရီးသွားပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)