မော်လမြိုင် ဇန်နဝါရီ ၂၀
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်း (ကျောင်းခန်းမ)၌ ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားတွင် အ.ထ.က ၁၃) ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ယဉ်ယဉ်အေးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး လူငယ် စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ အ.ထ.က (၁၃)ကျောင်းမှ Grade-10 နှင့် 11 ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်လူမှုကွန်ယက်၊ လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်နှင့်မိုဘိုင်းဖုန်း၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကိုယ်ကျင့်တရားစသည့် ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)