ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ဒဂုံအရှေ့ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး၀န်ကြီးများက ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်‌ဇော်တို့က မြို့နယ်အတွင်းမဲရုံ(၉၆)ရုံနှင့် ကရင်၊ ရခိုင် တိုင်းရင်းသားမဲဆန္ဒရှင်များအပါအဝင် မဲဆန္ဒရှင်(၁၁၆၃၀၄)ဦးရှိပါကြောင်း၊ မဲဆန္ဒရှင်အင်အားအလိုက် မဲရုံစာရင်းများ၊ မြို့နယ်အတွင်း မဲရုံများတွင်မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များဖွဲ့စည်းထားရှိမှုများ၊ မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ၊ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ဆောင်ရွက်မှုများ၊ လက်ကမ်းစာစောင်ဖြန့်ဝေနိုင်မှုများ၊ မဲရုံအမျိုးအစားများ၊ အခြေခံပညာကျောင်း(၁)ကျောင်းချင်းစီအလိုက် မဲရုံဖွင့်လှစ်မှုအခြေအနေများ၊ မဲရုံအရေအတွက်၊ မဲရုံတည်နေရာနှင့် Hand Speaker လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ရပ်ကွက်/ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မိမိတို့ ရပ်ကွက်/ကျေးရွာအလိုက် မဲရုံဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူလျင်မြန်စွာဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မဲရုံများအား ပြည်သူလူထုနှင့်နီးစပ်၍ သွားလာရလွယ်ကူလျင်မြန်သော နေရာများသို့ ရွှေ့ပြောင်းဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

နိဂုံးချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းက  ဒဂုံမြို့သစ်  (အရှေ့ပိုင်း)မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တာဝန်ရှိသူများအားလုံး အစွမ်းကုန်ရှိသမျှအားထည့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မဲရုံတည်နေရာများအား ပြန်လည်စိစစ်၍ ပြည်သူလူထုနှင့် အနီးစပ်ဆုံးနှင့် သွားလာရလွယ်ကူလျင်မြန်သော နေရာများတွင် မဲရုံများ ဖွင့်လှစ်ဆောင်ရွက်သွားရန်၊  သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အေးမဉ္ဇူ