ကျောက်ဆည်မြို့နယ်၌ ထင်းအစား အခြားလောင်စာသုံးမီးဖိုများသုံးစွဲရေး ရွေ့လျားတိုးချဲ့ အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေ

ကျောက်ဆည် ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ငှက္ကတောင်ကျေးရွာဓမ္မာရုံတွင် ယမန်နေ့နံနက်(၁၀)နာရီက သစ်တောပြုန်တီးမှုလျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထင်းအစားအခြားလောင်စာသုံးမီးဖိုးများသုံးစွဲရေး ရွေ့လျားတိုးချဲ့ အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ခံဦးစီးအရာရှိ ဦးမျိုးခန့်ကိုက ထင်းအစားအခြားလောင်စာသုံးမီးဖိုများသုံးစွဲခြင်းဖြင့် သစ်တောပြုန်းတီမှုလျော့နည်းလာပြီး သစ်ပင်သစ်တောများ တိုးပွားလာကာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ ရာသီဥတုမျှတခြင်း၊ အပူဒဏ်များ လျော့နည်းလာခြင်းနှင့် ပြည်သူများ ထင်းခုတ်ယူမှုအချိန်လျောနည်းလာပြီး အခြားအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုလုပ်ဆောင်နိုင်သဖြင့် လူမှုစီးပွားပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ရုပ်ပုံကားချပ်များဖြင့် အသိပညာပေးဟောပြောခဲ့ပြီး စိုက်ပျိုးရေးသုံးစွန့်ပစ်ပစ္စည်းများနှင့် လောင်စာတောင့်များအား အေဝမ်းစွမ်းအားမြှင့်မီးဖိုဖြင့် ပြည်သူများအား လက်တွေ့ချက်ပြုတ်ပြသခဲ့ပြီး ထင်းအစားအခြားလောင်စာသုံး စွမ်းအားမြှင့်မီးဖို(၂၀)လုံးအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှု လျော့နည်းစေရေး၊ ထင်းအစားအခြားလောင်စာသုံး မီးဖိုများအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများအပြင် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရေး ပျိုးပင်များပျိုးထောင်ပြီး ကျေးရွာသုံးထင်းစိုက်ခင်းများ၊ တောင်တန်း စိုက်ခင်းများ၊ အခြားစိုက်ခင်းများ၊ တစ်အုပ်တစ်မစိုက်ခင်းများ၊ ဘက်စုံသုံးစိုက်ခင်းများ စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)