တပ်ကုန်းမြို့၌ စာဖတ်ဝိုင်း ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ  ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပလျက်ရှိရာ စာရေးဆရာမ အေးအေးနွဲ့ (မြန်မာစာ) ရေးသားထားသည့် “ကြယ်တစ်စင်း၏ အလင်းရောင်အက်ဆေးများ” စာအုပ်ကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပသည်။

ထိုစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(BookClub)ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင် ဦးသိန်းဝင်းမြင့်(မြကျောက်အေးချမ်း)၊ ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း) တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာမ အေးအေးနွဲ့ (မြန်မာစာ) ရေးသားထားသည့် “ကြယ်တစ်စင်း၏ အလင်းရောင်အက်ဆေးများ” စာအုပ်တွင်ပါရှိသော မြတ်နိုးမှုတန်ဖိုးအပြည့်နှင့်အဓိပ္ပာယ်ရှိခဲ့သော၊ အိမ်မက်ထဲကဆောင်း၊ လောကပြတင်းဖွင့်လှစ်ခြင်းဖြင့် ရပ်ရွာတစ်ခွင်လှစေချင်သည်၊ အလွမ်းဖွဲ့သုံးရာသီ စသည့်ခေါင်းစဉ်များ အပြန်အလှန် ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်