ပင်လောင်းမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပင်လောင်း ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်သန်းက ဖွင့်ပွဲအမှာစကားပြောကြားပြီး၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြကြောင်း၊ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များ၊ ‌မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်ဘောလုံးအသင်းသားများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

ယင်းနောက် ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ကန်သာဦးရပ်ကွက် ဘောလုံးအသင်းနှင့် နာမွန်း‌ကျေးရွာ ဘောလုံးအသင်း စတင်ယှဉ်ပြိုင်ကစားကြရာ ်သာဦးရပ်ကွက် ဘောလုံးအသင်းက နာမွန်း‌ကျေးရွာ ဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ရင်းမှီးဘောလုံးအသင်းက လွယ်ဖွီးဘောလုံးအသင်းအား လေးဂိုး ဂိုးမရှိဖြင့် အသီးသီးအနိုင်ရရှိကြကြောင်း သိရသည်။

အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၂၂ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ တစ်အုပ်စုလျှင် အသင်းသုံးသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ တစ်အုပ်စုလျှင် အမှတ်အများဆုံးရရှိသည့် အသင်းနှစ်သင်းက ရှုံးထွက်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)