မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မော်လမြိုင် ဇန်နဝါရီ ၁၇

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအားဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဝင်းအတွင်း၊ အပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အခြေခံပညာစာသင်ကျောင်းများ သန်ရှင်း၍ စိမ်းလမ်းစိုပြေစေရေးအလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေး၊ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာမှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။     

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပညာရေးမှူးရုံး၏ ဘက်စုံအားကစားခန်းမသို့ သွားရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ၏ အားကစားပြိုင်ပွဲများ ပြုလုပ်‌ပေးနိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လူငယ်များစိတ်ချမ်းမြေ့စွာ ကစားနိုင်စေရေးတို့အတွက် ပုံမှန်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပြီး ဘက်စုံအားကစားခန်းမဘေးပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)