နေပြည်တော် ဇန်နဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဓမ္မဝိဟာရီ ပရိယတ္တိသီလရှင် စာသင်တိုက်၏ (၁၁) အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာ ရဋ္ဌဂုရ ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဒက္ခိဏသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲ့များ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ သီလရှင် ဆရာတော်လေးများက ဘုရားပင့်နှင့် ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကိုရွတ်ဖတ်ပူ ဇော်ခြင်းနှင့် ဒေဝနိမန္တနဂါထာကိုဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်းများကို ဆောင်ရွက်ကြ သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ် သတ်များက ပေါက်မြိုင်ဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး နေပြည်တော်ကောင်စီဝင်က သာသနာရေးဆိုင်ရာလျှောက်ထားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာ တော်များထံ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများနှင့် ဝတ္ထုငွေများကို ဆက်ကပ်ခြင်း၊ ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ် ပူဇော်ခြင်းနှင့် ပဋ္ဌာန်းတိုက်တွန်းနှိုးဆော်လွှာအား ရွတ်ဖတ်ပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းကာ အလှည့်ကျပဋ္ဌာ နဘာဏက ဆရာလေးမှစ၍ ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော် ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၁၇ မှစတင်၍ ဇန်နဝါရီ ၂၂ ရက်နေ့အထိ သံဃာတော်အရှင်သူမြတ်များက မဟာပဋ္ဌာန်းကျမ်းမြတ်အား ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရဦး (ဒက္ခိဏ)