လားရှိုး ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုနှင့်အလှူရှင်များမှ သီရိမင်္ဂလာမန်ဆူရှမ်းဘုန်းတော်ကြီးကျောင်း၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်းအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ထို့နောက်ဆရာတော်သံဃာတော်အရှင်သူမြတ်များက ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော် များကို ရိုသေစွာနာယူခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုကိုယ်စား တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု အစုစုတို့အား ဆရာတော်သံဃာတော် အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ အနုမောဒနာတရားတော်နှင့် ရေစက်သွန်း တရားတော်များ နာယူပြီးလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော်