ကလောမြို့၌ ပထမအကြိမ် ပန်းပွဲတော်ပိတ်ပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပ

ကလော ဇန်နဝါရီ ၁၇

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လေ့လာ လည်ပတ်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့မောမြေဦးပန်းခြံ၌ ပထမအကြိမ်ပန်းပွဲတော်ပိတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၆ နာရီကကျင်းပခဲ့ရာ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များ၊ မြို့မိ၊မြို့ဖနှင့်‌ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကလောခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပန်းပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မီးရှူး၊မီးပန်းများပစ်လွှတ်၍ ပထမအကြိမ်ပန်းပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ ထို့နောက် တေးသံရှင် နာမည်ကြီးအဆိုတော် ချောစုခင်၊ ဂျီလတ်၊ ကိုအောင်၊ ဘိုဘို၊ နေနော်နှင့်သအိုတို့အဖွဲ့သားများက တေးဂီတအစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။

ကျော်ဝင်း(ကလော)