နေပြည်တော် ဇန်နဝါရီ ၁၇
နေပြည်တော်အတွင်း သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး၊ ပန်းတိုင်အတွက်နှုန်းရရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း ကော်ဖီစိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး ကော်ဖီများသည် ပြည်ပဈေးကွက် ဝင်ထုတ်ကုန်များဖြစ်သည့်အတွက် ဒေသအတွင်းရှိ စိုက်ပျိုးရေးခြံများ၌ မြေနိမ့်ကော်ဖီများကို သီးညှပ်အဖြစ် စိုက်ပျိုးသွားမည်ဆိုပါက ဒေသအတွက် အကျိုးဖြစ်ထွန်းမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ပြည်ပဈေးကွက်တွင် ဝယ်လိုအားကောင်းသည့် ငရုပ်ကောင်းကိုလည်း စိုက်ပျိုးနိုင်ရေး ပေါင်းစပ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာကို နည်းစနစ်မှန်ကန်စွာအသုံးပြုမှသာ သတ်မှတ်အထွက်နှုန်း တိုးတက်ရရှိမည် ဖြစ်သော်လည်း အချို့မှာဓာတ်မြေဩဇာကို နည်းစနစ်တကျ အသုံးမပြုကြခြင်းနှင့် မြေအမျိုးအစားကို သိရှိအောင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် အထွက်နှုန်းများ လျော့နည်းမှု ရှိသဖြင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများသိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် သီးနှံပန်းတိုင် အထွက်နှုန်းမရရှိရခြင်း အကြောင်းအရင်း အခြေခံအချက်များဖြစ်သည့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြည့်ပြည့်စုံစုံမရခြင်း၊ မျိုးမကောင်းခြင်း၊ မြေပြုပြင်မှုအားနည်းခြင်း (သို့မဟုတ်) မြေပြုပြင်ရန်လိုအပ်ခြင်း၊ လိုအပ်သည့်ဓာတ်မြေဩဇာ/ သဘာဝမြေဩဇာ ပြည့်ပြည့်ဝဝ မထုတ်လုပ်နိုင်ခြင်း၊ မိုးရေလုံလောက်စွာမရခြင်း၊ စိုက်ပျိုးရေလုံလောက်စွာမရရှိခြင်း၊ အောင်ရေ မရရှိခြင်း၊ မလုံလောက်ခြင်း၊ ကောက်စိုက်သမအခက်အခဲရှိခြင်း၊ ငှားရမ်းခဈေးကြီးခြင်း၊ ကောက်ကွက်ပြည့်အောင် မစိုက်နိုင်ခြင်း၊ ပင်ကြားတန်းကြား အပြည့်မစိုက်နိုင်ခြင်းစသည့် အချက်များကိုလည်း မြို့နယ်အဆင့်၊ ကျေးရွာအဆင့်အထိ တောင်သူများနှင့် အမြဲမပြတ်အနီးကပ်ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ပါကြောင်း၊ အလားတူ စိုက်ပျိုးမြေများရဲ့အချဉ်ဓာတ်၊ အငန်ဓာတ်ပါဝင်မှုတွေကို သက်ဆိုင်ရာပညာရှင်များနှင့် တိုင်းတာပြီးလိုအပ်သော ဓာတ်မြေ ဩဇာကိုသာ သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေပေးဝေရာတွင်လည်း မြေပေါ်ရေဖြစ်သည့် ဆည်၊ ကန်၊ ရေလှောင် တမံများမှတစ်ဆင့် ဆည်ရေသောက်စနစ်များမှလည်းကောင်း၊ ချောင်းပိတ်၊ မြောင်းပိတ်၊ မြစ်ရေတင်၊ မြေအောက်ရေစက်ရေတွင်း၊ လျှပ်စစ်နှင့် မြစ်ရေတင်လုပ်ငန်းများမှလည်းကောင်း နှစ်အလိုက် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရေရရှိနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် အဆိုပါအရင်းအမြစ်များဖြင့် စိုက်ပျိုးရေ ထိရောက်စွာ သုံးစွဲနိုင်ရေး၊ သီးထပ်၊ သုံးသီးရာသီပြည့်စိုက်ပျိုးနိုင်ရေး စွမ်းအားမြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ကြောင်း၊ တည်ဆောက်ပြီးရေလှောင်တမံနှင့် ရေသောက် စနစ်များအား စိုက်ပျိုးရေထိရောက်လုံလောက်စွာ ပေးဝေနိုင်ရန်နှင့် သီးထပ် စိုက်ပျိုးနိုင်ရန်အတွက် ပြုပြင်ခြင်းနှင့် ထိန်းသိမ်းလည်ပတ်ခြင်း လုပ်ငန်းများ၊ မြေအောက်ရေ စက်ရေတွင်းများတူးဖော်ခြင်း၊ ဆိုလာစနစ်ပြောင်းလဲတပ်ဆင်ခြင်း၊ ယာယီချောင်းပိတ်ဆည်များတည်ဆောက်ခြင်း၊ ဆိုလာ/လျှပ်စစ် ရေတင်များ တည်ဆောက်ခြင်းနှင့် ကျေးလက်ထိန်းဆည်များအား ပြုပြင်မွမ်းမံပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်၊ ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ တည်ဆောက်ပြီးရေလှောင်တမံများမှ ရေကို သီးနှံလိုအပ်ချက်နှင့်အညီ စနစ်တကျရေလေလွင့်ဆုံးရှုံးမှု နည်းပါးစွာပေးဝေနိုင်ရေး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ စားရေရိက္ခာ ဖူလုံကြွယ်ဝမှုရှိစေရေး၊ ပြည်ပပို့ကုန် တင်သွင်းသုံးစွဲမှု လျှော့ချရေးသာမက ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ကာ နိုင်ငံခြားငွေ ပိုမိုရရှိစေရေး၊ စိုက်ပျိုးထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) အနေဖြင့် ပြောင်းလဲထုတ်လုပ်တင်ပို့ရောင်းချခြင်းဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး ဝင်ငွေပိုမို ရရှိစေရေး ဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေဒေသအလိုက် မြေကိုသုတေသန ပြုလုပ်အသုံးပြုရေး၊ ဓါတ်မြေဩဇာသုံးစွဲမှုများ၊ အထွက်နှုန်းလျော့ကျ စေသည့် အကြောင်းအရင်းများအား တောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ တောင်သူများနှင့် စားသုံးသူများကြား သင့်တင့်လျောက်ပတ်သော ဈေးနှုန်းများဖြစ်ပေါ်စေရေး၊ ဆောင်းဆီထွက် သီးနှံများ ရာနှုန်းပြည့်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ စိုက်ပျိုးရေအား စနစ်တကျ အကျိုးရှိအောင် အသုံးပြုနိုင်ရေးတို့အား သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများနှင့် တောင်သူများ အချင်းချင်း ချိတ်ဆက်ပူးပေါင်း၍ အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်အတွင်း သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး၊ ပန်းတိုင်အတွက်နှုန်းရရှိရေးနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့် အတူ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နေပြည်တော် ကောင်စီ(GRF) ခွင်ပြုရန်ပုံငွေကျပ် သန်း ၈၀ ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာလမ်း ကွန်ကရစ်ခြင်းလုပ်ငန်း (၈၇၀ပေx၁၂ပေx၇လက်မ) အား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက်ရေးနှင့်လမ်းဘေးရှိရေမြောင်းများ ရေစီးရေလားကောင်းမွန်စေရေး ဆောင်ရွက်သွားရန်တို့ကိုမှာကြားပြီး ထိုမှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၅၄ ဒသမ ၉၀၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥတ္တရသီရိမြို့နယ်၊ နန်ချွန်ကျေးရွာလမ်းအရှည် (1.087Km)အား အောက်ခံမြေသားပြုပြင်၍ (4.88m) အကျယ် ကျောက်ရောမြေ (200mm) ထု Subgrade ခင်းခြင်း၊ (4.27mm) အကျယ် (500mm-100mm)ခွဲ ကျောက် (150mm) ထုခင်းကြိတ်ခြင်း၊ ကျောက်ရောမြေ (75mm)ထုခင်းကြိတ်၍ ကျောက်ချော လမ်းခင်းရန် အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးအောင် အလေးထားဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)