နေပြည်တော် ဇန်နဝါရီ ၁၇
(၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြား ရာတွင် MSME ထုတ်ကုန်များကို ပြခန်းအသီးသီးတို့တွင် ကြေငြာခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ဆပ်ကော်မတီများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန် ပြပွဲ၊ အထူးဈေးရောင်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားများကို ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ အများပြည်သူများ လုံခြုံအေးချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ လာရောက် ကြည့်ရှုနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ရေး၊ လျှစ်စစ်မီးများရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေး နိုင်ရေးနှင့် ပြည်သူများအပန်းဖြေနိုင် ရေးအစီအစဉ်များ ဆောင်ရွက်ရေးတို့ကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲ ကျင်းပနိုင်ရေး ယခင်နှစ်ဆောင်ရွက်ခဲ့ကြသည့် အားနည်းချက်၊ အားသာချက်များအပေါ်အခြေခံ၍ လိုအပ်သည်များကို စနစ်တကျစီမံဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ နေပြည်တော် MSME ထုတ်ကုန် ပြပွဲနှင့် အထူးဈေးရောင်းပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခြင်းများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခြင်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)