မူဆယ် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို 7 Star ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ 7 Star ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယနေ့ခေတ် ကျောင်းသားလူငယ်များအကြားတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ခံစားရမည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ကျန်းမာသန်စွမ်းရန် အားကစားလိုက်စားဖို့လိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က ကျောင်းသားလူငယ်များ ကျောင်းပြင်ပအချိန်များတွင် ဗဟုသုတရရှိဖွယ် စာအုပ် စာစောင်များကို ဖတ်ရှိလေ့လာမှတ်သားရန် စာကြည့်တိုက်သို့လာရောက်၍ မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ဖတ်ရှုနိုင်ရန် ဖိတ်ခေါ်ပြီး၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ကြပါခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ စာအုပ်၊ စာစောင်များ၊ ပုံပြစာအုပ်များကို ကြည့်ရှုမှတ်သား လေ့လာကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)