ညောင်ရွှေမြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး ဘာသာရပ်အလိုက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်

ညောင်ရွှေ ဇန်နဝါရီ ၁၇

၂၀၂၆ ခုနှစ်၊ မတ်လတွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် တောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာ/ဆရာမ များနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကား ပြောကြားပြီးနောက် တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခဒေါက်တာနီလာက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာ/ဆရာမကြီးများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေးစည်းမျဉ်းများနှင့် ဖြေဆိုရမည့်ပုံစံများကို အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ညောင်ရွှေမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများနှင့် ဘာသာပြ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်းနှင့် ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ