ဒဂုံ ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စံပြမဲရုံ ၂ ခင်းကျင်းပြသမှုသရုပ်ပြခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ဖွင့်လှစ်မည့် စံပြမဲရုံ ၂ တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးမျိုးဝင်းက မဲရုံခင်းကျင်းမှု ပုံစံများအား စနစ်တကျဆောင်ရွက်ထားရှိနိုင်ရေးဌာနဆိုင်ရာ တာဝန်ရှိသူများအား သရုပ်ပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ကို ယခုလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲရုံ ၁၄ ရုံ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မဲရုံများအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)