ဥတ္တရသီရိမြို့နယ်၌ “စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် “စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်မည့်မျိုးဆက်သစ်လူငယ်များဖြစ်ကြောင်း၊  ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တ ကောင်းမွန်၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုကြောင်း၊ ကျောင်းသားလူငယ်များသည် လူ့အသိုင်းအဝိုင်းတွင် အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန် လေးစားမှုတို့နှင့် နေထိုင်ပြောဆိုဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ် ပညာများနှင့် ကြိုးစားအားထုတ်သွားကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှုများကို ရရှိနိုင်မှာဖြစ်ကြောင်း၊ မိမိတို့၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ စာများများဖတ်ကြရန်နှင့် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ တီထွင်ဖန်တီး ထိုးထွင်းဆောင်ရွက်လိုစိတ်များရှိရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ၊ စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)