ရန်ကုန် ဇန်နဝါရီ ၁၅
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များကို အခမ်းအနားဖြင့်ချီးမြှင့်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း အခမ်းအနားသို့ တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိသော ဘွဲ့ခံပုဂ္ဂိုလ်များအား ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်များနှင့် မိသားစုဝင်များ၏ နေအိမ်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် သိပ္ပကျော်စွာဘွဲ့များရရှိသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ကလေးကျန်းမာပညာဌာန၊ ပါမောက္ခ/ဌာနမှူး (ငြိမ်း)၊ ပါမောက္ခ ဒေါက်တာ သိန်းသိန်းမြင့်အားလည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ ဗဟိုအအလုပ်အမှုဆောင်ကော်မတီဝင်၊ ဦးစန်းကြူအားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များကို အိမ်တိုင်ရာရောက် ကာယကံရှင်များထံ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် အလင်္ကာကျော်စွာဘွဲ့များရရှိသည့် ရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုးအားလည်းကောင်း၊ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်သန်းနုအားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များကို အိမ်တိုင်ရာရောက် ကာယကံရှင်များထံ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် သိပ္ပကျော်စွာဘွဲ့များရရှိသည့် မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းအားလည်းကောင်း၊ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဦးကျော်အားလည်းကောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ (ကိုယ်စား) ညီမဖြစ်သူအားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များကို အိမ်တိုင်ရာရောက် ကာယကံရှင်များနှင့် မိသားစုဝင်များထံ ပေးအပ်ချီးမြှင့်ကြသည်။
ထို့ကဲ့သို့ နေအိမ်များသို့ ဂုဏ်ထူးဆောင်ဘွဲ့များအား အိမ်တိုင်ရာရောက် ကာယကံရှင်ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်ပေးအပ်ရာ ဘွဲ့ရရှိသူများနှင့် (ကိုယ်စား) လက်ခံရရှိသော မိသားစုဝင်များက ယခုကဲ့သို့ အိမ်တိုင်ရာရောက် လာရောက်ချီးမြှင့်ပေးအပ်သည့်အတွက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိသူများအပါအဝင် အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)