နမ့်စန်(တ) ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပုံမှန်လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနေမျိုးထွန်းက အမှာစကားပြောကြား၍ နမ့်စန်မြို့နယ်အတွင်း မျက်လုံးနှင့်ပတ်သက်၍စမ်းသပ်ကုသရန် လိုအပ်နေသော ပြည်သူများအတွက် အခမဲ့စမ်းသပ်စစ်ဆေးပြီး လိုအပ်သလို ခွဲစိတ်ကုသပေးမည့်အစီအစဉ်အား ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီးဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့မိမြို့ဖများစုပေါင်း၍ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာကုသမှုခံယူနိုင်ရေးအတွက် မြို့နယ်မှတာဝန်ရှိသူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်လုပ်ဆောင်မည့်အခြေအနေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် မျက်စိအခမဲ့စမ်းသပ်ကုသမည့်အစီအစဉ်အား ပြည်သူများထံကျယ်ကျယ်ပြန့်ပြန့် ကြိုတင်အသိပေးအကြောင်းကြားရန်နှင့် စာရင်းများစနစ်တကျကောက်ယူ၍ပြန်လည်တင်ပြရေး၊ ဌာနတည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှုအခြေအနေများ ပြန်လည်တင်ပြရေး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကွင်းပြန်လည်ပြုပြင်ရေးနှင့် ပွဲကြည့်စင်ဆောင်ရွက်နေမှုအခြေအနေ၊ မြို့နယ်တွင်း အုတ်၊ သဲ၊ ကျောက်များ အသုံးပြုနေမှုအခြေအနေ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် နမ့်လတ်ချောင်းသန့်ရှင်းရေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြေယာကျူးကျော်မှုကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးနှင့်အေးချမ်းသာယာရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် နမ့်စန်မြို့နယ်နှင့်ခိုလမ်မြို့တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)